Myanmar Cyber Security Challenge Capture The Flag Online Platform
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး ဦးစီးဌာနအနေဖြင့် ဆိုက်ဘာလုံခြုံရေး အသိပညာပြန့်ပွားစေရန်နှင့် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အသက်မွေးဝမ်းကျောင်းမှု အခွင့်အလမ်းများ တိုးတက်လာ စေရန် ရည်ရွယ်၍ Myanmar Cyber Security Challenge ပြိုင်ပွဲကို ၂၀၁၈ ခုနှစ်မှ စတင်ပြီး နှစ်စဉ် ကျင်းပလျက်ရှိပါသည်။ ယခုအခါ COVID-19 ကပ်ရောဂါ အခြေအနေ ကြောင့် ပြိုင်ပွဲ ကျင်းပနိုင်ခြင်း မရှိသည့်အတွက် ဆိုက်ဘာလုံခြုံရေးကို စိတ်ဝင်စားသူ လူငယ်လူရွယ်များ အနေဖြင့် Online မှ မေးခွန်းဟောင်းများနှင့် Challenge အသစ်များကို ပြိုင်ပွဲအသွင် ဖြေဆိုလေ့ကျင့်နိုင်ရန်အတွက် Capture The Flag Platform ကို တည်ဆောက်ထားခြင်းဖြစ်ပါသည်။
CTF Online Platform တွင် Industiral Control System၊ Web၊ Forensics၊ Web၊ Stegano၊ Crypto၊ Reverse Engineering၊ Pwn (Binary Exploit) နှင့် Misc ဆိုင်ရာ မေးခွန်းများကို ဖြေဆိုရမည်ဖြစ်ပြီး Myanmar Cyber Security Challenge ပြိုင်ပွဲ တွင်မေးမြန်းထားသော မေးခွန်းဟောင်းများအပြင် နိုင်ငံတကာအဆင့် ဆိုက်ဘာ လေ့ကျင့်ခန်းများတွင် မေးမြန်းထားသော Challenge များကိုပါ ထည့်သွင်းထားသည့် အတွက် ဖြေဆိုလေ့ကျင့်သူများအနေဖြင့် ဆိုက်ဘာတိုက်ခိုက်မှုများကို မည်သို့တုံ့ပြန် ဖြေရှင်းနိုင်မည်ဆိုသည့် အတွေ့အကြုံကောင်းများကို ရရှိစေမည် ဖြစ်ပါသည်။ အချို့သော မေးခွန်းများကို အကြိမ်ကန့်သတ်ချက်ဖြင့်သာ ဖြေဆိုရမည်ဖြစ်သောကြောင့် အကောင့် များစွာဖြင့် ဝင်ရောက်ဖြေဆိုခြင်းအား ကန့်သတ်နိုင်ရန်အတွက် ကိုယ်တိုင် Registration ပြုလုပ်ခြင်းအားပိတ်ပင်ထားရှိပါသည်။
Myanmar Cyber Security Challenge Online Platform တွင် ဝင်ရောက် ဖြေဆိုလေ့ကျင့်လိုသူများသည် မိမိတို့ဝင်ရောက်ဖြေဆိုမည့် User Name နှင့် E-mail တို့ကို အမျိုးသားဆိုက်ဘာလုံခြုံရေးဗဟိုဌာန၏ Email ဖြစ်သော ctf@ncsc.gov.mm ထံသို့ စာရင်းပေးသွင်း၍ ဝင်ရောက်ဖြေဆိုနိုင်ပြီး CTF Platform အတွက် မေးခွန်းများ ပေးပို့လိုသော ပညာရှင်များအနေဖြင့်လည်း မိမိတို့ကိုယ်တိုင် ဖန်တီးထားသော မေးခွန်း များကို “မေးခွန်းအမည်၊ အကြောင်းအရာ၊ အဖြေ၊ ပေးမှတ်” တို့ကို ရေးသားဖော်ပြ၍ ctf@ncsc.gov.mm ထံသို့ ပေးပို့နိုင်ပါသည်။
Myanmar Cyber Security Challenge Online Platform ကို http://mcsc.ncsc.gov.mm တွင် ဝင်ရောက်ဖြေဆိုလေ့ကျင့်နိုင်ပါသည်။